Thursday, February 9, 2012

"The Descendants နဲ့ ခံစားမိသမျှ"


"ကျွန်တော်တို့ သူငယ်ချင်းတွေက ကျွန်တော်တို့ ဟာဝိုင်အီ မှာနေတာနဲ့ ကျွန်တော်တို့ လောကနိဗ္ဗာန် ရောက်နေပြီလို့ ထင်ကြတယ်။
ဒီမှာ ကျွန်တော်တို့ အရက်ကလေးသောက်လိုက်၊ ကိုယ်လေး ယိမ်းထိုး က လိုက်၊ လှိုင်းတွေစီးလိုက်နဲ့ အမြဲတမ်း အားလပ်ရက် ရနေကြတယ်လို့ ထင်ကြတယ်။
ကျွန်တော်တို့ဘ၀တွေဟာ သူတို့ဘ၀ထက် ပိုပြီး အရှုပ်အထွေးနည်းလိမ့်မယ်လို့ ဘာလို့များ ထင်နေကြတာပါလိမ့်။
သူတို့ ရူးများနေကြလား?"

အဲလို Matt က ညည်းတော့ ပြန်သုံးသပ်ကြည့်မိတယ်။ လူတွေဟာ တစ်ယောက်ကို တစ်ယောက်က အားကျနေကြ။ အခြား ကိုယ်မရောက်ဖူးသေးတဲ့ နေရာတစ်ခုခုကလူတွေကို အထင်ကြီးနေကြ။ တခြားတစ်ယောက်ရဲ့ ဘ၀ဟာ ကိုယ့်ဘ၀ထက် ပိုကောင်းနေလိမ့်မယ်လို့ ကျွန်မတို့ တော်တော်များများ မကြာခဏ တွေးမိတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်အခက်အခဲတွေနဲ့ ကိုယ် ရှိနေကြတာပါပဲ။ အရင်တုန်းကတော့ ကျွန်မလဲ အဲလို မကြာခဏ တွေးမိတယ်။ ဟိုတလောက ကျွန်မစိတ်ညစ်တော့ အနော်လေး ပြောတဲ့ စကားကြောင့် အဲဒီအတွေးတွေ လုံးလုံးပျောက်သွားတယ်။ စိတ်ရော ကိုယ်ပါ အရှုပ်အထွေးနည်းနည်းနဲ့ ကိုယ့်ဘ၀လေးကိုယ် အခုတလော ကျွန်မကတော့ ကျေနပ်နေမိလေရဲ့။

----

"လွန်ခဲ့တဲ့ ၂၃ ရက်နေ့ထိတော့ ဟုတ်ပါရဲ့ဗျာ" .. လို့ Matt က ကြေကြေကွဲကွဲ ပြောတော့ သူ့ကိုစာနာမိတယ်။
လွန်ခဲ့တဲ့ ၂၃ရက်က ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဒီလို ထိခိုက်ဒဏ်ရာ ရသွားလိမ့်မယ်။
လွန်ခဲ့တဲ့ ၂၃ရက်က ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဒီလို ဆေးရုံကုတင်ပေါ်မှာ မြင်ရလိမ့်မယ်။

ပိုဆိုးတာက လွန်ခဲ့တဲ့ ၂၃ရက်က ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဘယ်တော့မှ နိုးမထနိုင်တော့တဲ့ အဖြစ်ဆိုးမျိုးနဲ့ .......

လွန်ခဲ့တဲ့ ၂၃ရက်က ပေါ့။


ဟုတ်ပါရဲ့ .. လွန်ခဲ့တဲ့ အခိုက်အတံ့ အချိန်တခုထိ အဲလို ဖြစ်သွားလိမ့်မယ်လို့ မထင်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ ...

----

"ငါ မင်းနဲ့ စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီလေ။ ငါပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီ။ ဖခင်ကောင်း တစ်ယောက်နဲ့ ခင်ပွန်းကောင်း တစ်ယောက်အဖြစ်ပေါ့။ နိုးထလှည့်ပါတော့ Elizabeth ရယ်"
တစိမ်းဆန်ဆန် သမီးနှစ်ယောက်နဲ့၊ ဆေးရုံပေါ်မှာ သတိလစ်မေ့မြောနေတဲ့ ဇနီးသည်အတွက် တသက်လုံး အလုပ်ကိုပဲ အဓိက ထားခဲ့တဲ့ Matt ကပြုပြင်ပြောင်းလဲဖို့ အဆင်သင့်ဖြစ်သွားတဲ့ အချိန်မှာ ကံကြမ္မာက Matt ကို အဲဒီ့အခွင့်အရေး မပေးတော့ပါဘူး။


နောင်တရစရာအဖြစ်အပျက်တွေ ဖြစ်သွားတိုင်း ကျွန်မတို့တွေ ကံကိုပဲ လွယ်လွယ်ကူကူ ပုံချလိုက်ကြတယ်။ အဲဒီအတွက် ကံ ကို အပြစ်ပုံချဖို့ သင့်ပါ့မလားနော်။
တကယ်တမ်း သေချာပြန်စဉ်းစားတိုင်း အဖြစ်အပျက်တိုင်းမှာ ကံကြမ္မာက ကျွန်မတို့ကို လုံလောက်တဲ့ အချိန်တစ်ခု ပေးခဲ့တယ်ဆိုတာ သေချာပါတယ်။
ဒါဆို နောင်တဆိုတာ ကံကြမ္မာက လက်လျှော့သွားတဲ့ အချိန်မှ ကျွန်မတို့တွေဆီ ရောက်လာတတ်တဲ့ အရာများ ဖြစ်နေမလား။
လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခု ရခဲ့သားနဲ့ အခုလို ကျွန်မတို့ ဝေးကွာသွားခဲ့ကြတယ်ဆိုတော့ ..
အို .. ဘုရားရေ .. ကျေးဇူးပြုပြီး ရှင် နောင်တ ရမနေပါနဲ့နော် ...

----

"Elizabeth ဟာ ဘယ်တော့မှ ပြန်မနိုးထနိုင်တော့ဘူး။ ခင်ဗျား မိသားစုနဲ့ မိတ်ဆွေတွေကို အသိပေးဖို့ အချိန်တန်ပြီ လို့ ကျွန်တော်ထင်တယ်။"
.. လို့ ဆရာဝန်ကြီး အဲလိုပြောပြီးတဲ့ နောက်မှာတော့ ..

မကောင်းတဲ့ ကြမ္မာဆိုးဟာ အမြဲတမ်း တစ်ယောက်တည်း မလာဘူးဆိုတာ မှန်လိုက်တာ။

ပထမတော့ ဇနီးသည် ထိခိုက်ဒဏ်ရာရတယ် ဆိုတဲ့ သတင်း၊ နောက် သမီး နှစ်ယောက်ရဲ့ ဆယ်ကျော်သက် လူငယ်တို့ရဲ့ အပြောင်းအလဲဒဏ်တွေ၊ ခု ..


Matt ရေ .. ကျွန်မ စိုင်းဝင်းမြင့် ရဲ့ ကဗျာ တပိုင်းတစ ကို သတိရမိပါရဲ့။

"မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ့ မိသားစုပဲ
မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။"

----

"အမေက အဖေ့ကို ညာခဲ့တာ။ အမေ ဘယ်သူနဲ့ တူတူရှိနေခဲ့လဲ အဖေမသိခဲ့ဘူးမလား။ သိခဲ့ရအောင်လဲ အဖေသမီးတို့ အနားမှာ ရှိမနေခဲ့ဘူး။"
.. လို့ Alex ရဲ့ အပြောမှာ Matt ရဲ့ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ပါပြီ။
ဘာတဲ့ သူချစ်ရတဲ့ သူ့နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ ????


လုံလောက်တဲ့ နှလုံးသားချင်း နီးစပ်မှုကို ရရှိပြီးပြီလို့ ကျွန်မတို့တွေ ထင်ပြီးတဲ့နောက် ဆက်ဆံရေးတစ်ခုမှာ အလေးအနက်မထားခဲ့မိ၊ အချိန်မပေးခဲ့မိတာဟာ လူတစ်ယောက် လွယ်လွယ်ကူကူပြောင်းလဲဖို့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုလား?

Matt ရေ ... ကျွန်မ မထင်မိခဲ့ရိုး အမှန်ပါ။

----

"အဖေ အဲလူကို ဘာလို့ သွားတွေ့မှာလဲ? တွေ့တော့ရော အဖေဘာလုပ်မှာလဲ?"
"အနည်းဆုံးတော့ Elizabeth လောကကြီးကနေ ထွက်ခွာသွားတော့မှာ သူသိသင့်တယ်လို့ အဖေထင်တယ်။"
ကိုယ့်အပေါ် လုပ်ရက်လေတယ်လို့ နာ နေမိတဲ့ စိတ်က တစ်ဘက်။
ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ကို နောက်ဆုံးအချိန်မှာ Elizabeth တွေ့ချင်ခဲ့မှာလို့ တွေးပေးခဲ့တဲ့ Matt ရဲ့ စိတ်ဓါတ်။


Matt ရေ .. ကျေးဇူးပြုပြီး ကျွန်မကို ဘာလို့ ဒီလောက်တောင် ကိုယ်ချင်းစာနေတာလဲလို့ မမေးပါနဲ့နော်။

----

"ခင်ဗျားကို Elizabeth ချစ်ခဲ့လား"
"အင်း ..."

"ခင်ဗျားက ရော?"
"ဟင့်အင်း"

သွားသေလိုက်တော့ Elizabeth ...

မင်းကောင်က မင်းကို မချစ်ခဲ့ဘူးကွ။ မင်းနောက်ဆုံး ချစ်ခဲ့တဲ့ လူက ခု သူ့မိသားစုနဲ့ ပျော်လို့၊ ရွှင်လို့လေ။
မင်းသိလား ဒီကောင် သူ့ဇနီး သိသွားမှာကို ဘယ်လောက်တုန်လှုပ်နေလဲ မင်းသိလား Elizabeth?
ဟင် မင်း သိရဲ့လား??


Matt ရေ .. အဲဒီလူက Elizabeth ကို တကယ်ချစ်ခဲ့တယ် ဆိုရင်တောင် ရှင် ဖြေသာဦးမယ်မလားဟင်?

----

"ငါ့သမီးက မင်းအတွက် ဇနီးကောင်း တစ်ယောက်ကွ။ ငါ့သမီးက ဒီ့ထက်ပိုကောင်းတဲ့ အရာတွေကို ရခဲ့သင့်တာ"
မိသားစုဝင်ဖြစ်တဲ့ Elizabeth အဖေကို ပထမဆုံး သူမ လူ့လောက က ထွက်ခွာသွားတော့မယ်ဆိုတာ အသိပေးလိုက်တဲ့ အချိန်မှာ ယောက္ခမဖြစ်သူဆီက ပထမဆုံးပြစ်တင်စကား ...

"Elizabeth ဘာမှ မမှားဘူး။ ကျွန်မသူငယ်ချင်းဘ၀ကို ရှင် ဘယ်လောက်များ သိခဲ့လို့လဲ။ အလေးထားခဲ့လို့လဲ?" အရင်းနှီးဆုံး သူငယ်ချင်း မိတ်ဆွေလင်မယားကို အသိပေးပြီးတဲ့နောက် သူငယ်ချင်းမ ဖြစ်တဲ့သူဆီက အပြစ်တင်စကား ...

"ဟုတ်ကဲ့။ သူမ ဒီထက်ပိုကောင်းမွန်တဲ့ ဘ၀ ရခဲ့သင့်ပါတယ်" လို့ အံကြိတ်ပြီး ခေါင်းငုံကာ Matt ပြောလိုက်တော့ ..


Matt ရေ .. အဲလိုလောကကို ရင်ဆိုင်လိုက်ပုံ၊ လူတွေကို ပေးထင်လိုက်ပုံက ကျွန်မဖြင့် သိပ်အားရတာပဲ။ ဘာတွေက ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ အချို့ အဖြစ်အပျက်တွေမှာ ကာယကံရှင်တွေထက် ဘယ်သူက ပိုသိမှာလဲနော်။

----

"ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်မှာ အဖေလုပ်တာ ခုထိ ဘာတစ်ခုမှ မမှားသေးဘူး"
.. လို့ သမီးဖြစ်သူ Alex က Elizabeth ကို ဆေးရုံမှာ နောက်ဆုံး လာနှုတ်ဆက်တဲ့ အဖိုးကို ပြန်ပြောပြီး အဖေကို ကာကွယ်ပေးလိုက်တော့ ကြည်နူးအံ့သြသွားတဲ့ Matt ရဲ့ဟန်။
အဆိုးထဲက အကောင်း ဆိုသလို သမီးတွေနဲ့ တဖြည်းဖြည်းနားလည်မှုရလာခဲ့ပြီပေါ့။

Matt ရေ .. ကျွန်မရဲ့ အဆိုးထဲက အကောင်းကရော ဘာများပါလိမ့်?
တခြားအရောင်တွေမရှိလို့ မဟုတ်ဘဲ အစိမ်းရောင်ကိုမှ မက်မက်စက်စက် ကြိုက်တဲ့ ခေါင်းမာတဲ့ ကျွန်မက အဆိုးထဲမှာ ဘယ်တော့မှ အကောင်းကို မရှာဘူးဆိုတာ ရှင် သိမလားပဲ။

----

လိုအပ်တဲ့ အောက်ဆီဂျင်တွေ၊ ဆေးပိုက်တွေဖြုတ်ပြီး Elizabeth ကတော့ လောကကြီးက ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
ချစ်ခင်သူအားလုံးရဲ့ နှုတ်ဆက်ခြင်းကို ခံပြီးတဲ့နောက် ..

Elizabeth ရေ .. ကိုယ့်အလှည့်ပေါ့နော်

သွားတော့ Elizabeth ရေ ..

ငါ့ရဲ့ အချစ်

ငါ့ရဲ့ သူငယ်ချင်း
ငါ့ရဲ့ ပျော်ရွှင်မှု

ငါ့ရဲ့ နာကျင်မှု

သွားတော့ Elizabeth ရေ ...
နှုတ်ဆက်ပါတယ်ကွယ်။

Elizabeth ရဲ့ ပါးပြင်ပေါ် ကျဆင်းသွားတဲ့ Matt ရဲ့ ချစ်မြတ်နိုးတဲ့ မျက်ရည်တစ်စက်။

Matt ရေ .. ပြန်မလာတော့မယ့် လူတစ်ယောက်အတွက် ခွင့်လွှတ်ခြင်းဟာ ရှင့်ရဲ့ နောက်ဆုံး အဖြေတစ်ခုပေါ့နော်။ ရှင့်ရဲ့ နာကျည်းမှုကို အနိုင်ယူသွား ရိုးသားတဲ့ ချစ်ခြင်းမေတ္တာတရား ....

Elizabeth ရေ .. မင်း သိပ်ကံကောင်းတာပဲလို့ ကျွန်မ မပြောတော့ဘူးနော်။
ငြိမ်းအေးပါစေ Elizabeth။

----

၀၉.၀၂.၂၀၁၂။
၁၁း၅၂ ည။

အရင်တပတ်ကကြည့်မိတဲ့ ရုပ်ရှင် the descendants ကို ခံစားမိသလို ရေးဖွဲ့ပါသည်။

11 comments:

နေ၀သန် said...

ရုပ်ရှင်ကိုမကြည့်ရသေးတော့ သိပ်တော့နားမလည်ဘူး.. ဒါပေမယ့် ဂျော့ကလူးနေကိုတော့ တော်တော်ကြိုက်တယ်.. သဘာဝကျတယ်.. သရုပ်ဆောင်တာ.. ဒီကားလေး ကြည့်ပါဦးမယ်..

ခင်မင်လျက်
နေ၀သန်

jasmine(တောင်ကြီး) said...

အစကနေဆုံးတဲ့ထိ အဲဒီစာသားလေးကိုအကြိုက်ဆုံးပါပဲ
"မအောင်မြင်တဲ့ ဘော်လုံးအသင်းဟာ ငါ့ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။"
ခင်တဲ့ jasmine

သဒ္ဓါလှိုင်း said...

နောက်ဆုံးစာကြောင်းလေးရဲ့
“ပြန်မလာတော့မယ့် လူတစ်ယောက်အတွက် ခွင့်လွှတ်ခြင်းဟာ ရှင့်ရဲ့နောက်ဆုံး အဖြေတစ်ခုပေါ့နော်။ ရှင့်ရဲ့နာကျည်းမှုကို အနိုင်ယူသွား ရိုးသားတဲ့ ချစ်ခြင်းမေတ္တာတရား..”
ကိုသဘောကျမိတယ် မဂျူ။
ဖတ်ရတာ သဘောကျတယ်။
ခင်မင်လျက်
သဒ္ဓါ

Little Brook said...

သိပ်ကောင်းတယ် .. ရုပ်ရှင်ကြည့်စရာမလိုဘဲနဲ့ကို
ခံစားလို့ရသွားတယ် .. ဇာတ်ကြောင်းတခုလုံးကိုပြောပြမနေဘဲ ဖြစ်စဉ်တခုလုံးကို သဘောပေါက်နားလည်သွားအောင် အကောင်းဆုံးနေရာ အထိခိုက်ဆုံးခံစားမှု အမြင့်ဆုံးတွေးတောမှုတွေကိုပဲေ၇ွးဖော်ပြသွားတာ .
သေချာပါတယ် ခုရေးခဲ့တဲ့အခန်းတွေဟာ စာရေးသူရင်ထဲထိရောက်ခဲ့တဲ့အခန်းတွေမှန်း .. အမ ရုပ်ရှင်အညွန်းတွေ ဆက်ရေးသင့်တယ်

littlebrook said...

အော် အင်္ဂလိပ်ကားတချို့ဟာလည်း ဇာတ်လမ်းသွားတူတတ်တယ် ..
ကျနော်ကြည့်ဖူးတဲ့ကားကလည်း အဲ့လိုပါပဲ
မင်းသားက Liam Neeson နဲ့ Antonio Banderas တို့ပါ။ မင်းသမီးက Laura Linneyပါ ။ ဇာတ်ကားနာမည်က The Other Man ပါ ။
ခုဇာတ်ကားနဲ့ အကြောင်းတူ အသံကွဲ မြင်ရပါလိမ့်မယ်။

လင်းဒီပ said...

ရုပ်ရှင်ရီဗျူးက ရုပ်ရှင်ထက် ပိုကောင်းနေပြီ :D

xxxxxxx

တကယ်ပါပဲ.. အဲဒီစိတ္တဇတွေ...
ချစ်သူခင်သူတွေကို အချိန်မှီ ဂရုစိုက်နိုင်ခြင်းနှင့် မရှိမဖြစ် ပြေးလိုက်ရမယ့် ငွေကြေးတွေကြားမှာ လွန်ဆွဲနေတဲ့စိတ်တွေက နံရံပေါ်က မျက်နှာကျက်ပေါ်က တစ္ဆေတွေပါပဲ ။

ဘိုဖြူ said...

ကျွန်တော်ကတော့
“ပြန်မလာတော့မယ့် လူတစ်ယောက်အတွက် ခွင့်လွှတ်ခြင်းဟာ ရှင့်ရဲ့နောက်ဆုံး အဖြေတစ်ခုပေါ့နော်။ ရှင့်ရဲ့နာကျည်းမှုကို အနိုင်ယူသွား ရိုးသားတဲ့ ချစ်ခြင်းမေတ္တာတရား..”
အဲဒီစာလေးကိုကြိုက်တယ်ဗျာ

Anonymous said...

ဂျူနီယာ့ရဲ့ ဒီပိုစ့်ကိုဖတ်ပြီး တခုခုပြောဖို့အတွက် ကိုယ်တိုင် အဲ့ဒီရုပ်ရှင်ကို ကြိုးစားပြီးကြည့်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မကြည့်ခင် ဒီပိုစ့်ကို အခေါက်ပေါင်းများစွာ ဖတ်ခဲ့သလို ခု ကွန်မန့်ပေးခါနီးမှာလဲ ထပ်ဖတ်ခဲ့ပါတယ်။

အခေါက်ခေါက်ဖတ်ပြီးတဲ့အခါ Review ဆိုတာထက် ဒီရုပ်ရှင်ကိုကြည့်ပြီး ခံစားရတာတွေကို စာရေးသူက ချရေးလိုက်တဲ့ အနုပညာလို့မြင်မိပါတယ်။ အဲ့ဒီအနုပညာထဲမှာ Matt ရဲ့ဘက်ကနေ ခပ်ပါးပါးလေး ရပ်တည်ပြသွားတယ်။ ( ကျနော်မှားကောင်း မှားသွားနိုင်ပါတယ်။ )

ကိုယ်တိုင်ကြည့်ပြီးတဲ့အခါမှာ ခံစားမိလိုက်တာကတော့ ချစ်ခြင်းမေတ္တာနဲ့ Relationship တစ်ခု တည်ဆောက်ရတာ လွယ်ပါတယ်။ ထိန်းသိမ်းရတာ ခက်ခဲတဲ့အတွက် လူကို ပင်ပန်းစေပါတယ်။ Matt ဟာ အဲ့ဒီပင်ပန်းမှုကို မသိကျိုးကျွံပြုခဲ့တဲ့အတွက် တကယ်ပြိုကွဲလာတဲ့အချိန်မှာ သူ့ကို ပုံမှန်ထက်နှစ်ဆ ပိုပင်ပန်းစေပါတယ်။ အယ်လီဇဘတ်ဟာ သေသွားလို့ပါ။ မသေသွားရင်လဲ သူက နောင်တရနေမှာ မဟုတ်ပါဘူး။

ဟောလီးဝုဒ်ကားတို့ရဲ့ ထုံးစံအတိုင်း ဇာတ်ဝင်ခန်းတစ်ခန်းနဲ့တင် ရသမျိုးစုံကို ပေးတာမို့ တစ်ကားလုံးအတိုင်းအတာနဲ့ ပြောကြကြေးဆိုရင်တော့ ခံစားသူတစ်ဦးချင်းစီအလိုက် ကွဲပြားကုန်မှာပါပဲ။
ကျနော်လဲ ကျနော်ခံစားမိတဲ့ အနုပညာကို ပြောမိလိုက်တာပါ။

နောက်တစ်ခု ၀န်ခံချင်တာက ဇာတ်လမ်းတစ်ခုလုံးကို လိုက်ကြည့်မိလောက်တဲ့အထိ ဖြစ်သွားတာဟာ ခများရဲ့ အရေးအသားကြောင့်ပါ။

ဘိုင်သဝေး .. " မ၀င်တဲ့ ဂိုးတွေကို " ဖြစ်မယ်ထင်တယ်။

jr.lwinoo said...

Anonymous>> ပထမဆုံးပြောချင်တာက ကျေးဇူးတင်တဲ့ အကြောင်းပါ။
ကျွန်မ ရေးတဲ့စာကို သေချာဖတ်ပြီး ခံစားပေးတဲ့ အတွက်ပါ။

နောက်ပြောချင်တာကတော့ ကျွန်မ Matt ဘက်က ခံစားပြီး ရေးခဲ့တာ ဟုတ်ပါတယ်။

ဒီကားနဲ့ ဒီဇာတ်လမ်းမှာ Matt က အလုပ်ကို အာရုံစိုက်ပြီး မိသားစုကို ဂရုမစိုက်တဲ့ ပစ်ချက်တစ်ခုကိုပဲ တွေ့မိပါတယ်။ Elizabeth လုပ်ခဲ့တဲ့ အပြစ်က ပိုကြီးသလားလို့။ လူ့စိတ်ဆိုတာကလဲ ခက်သားလား။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေတုန်းက Elizabeth ဘေးမှာ ဘယ်သူရှိခဲ့လဲ??

ဇာတ်လမ်းသဘောအရ ကျွန်မတို့ မသိခဲ့ပါဘူး။ နောက်ပြီး ကျွန်မခံစားမိဆုံးက accident ဖြစ်သွားတဲ့ speed boat က Matt က Elizabeth အနှစ်သက်ဆုံး ဖြစ်လို့ ၀ယ်ပေးခဲ့တဲ့ လက်ဆောင်ပါ။ (ကျွန်မ အမှတ်မမှားဘူးဆိုရင်ပေါ့။) အဲအချိန်မှာ Elizabeth က ဘယ်သူနဲ့ အတူရှိနေခဲ့လဲ?

ကျွန်မအမြင်ပေါ့နော်။ ထိန်းသိမ်းစောင့်ရှောက်နေရသေးသရွေ့တော့ အဲဒါဟာ တကယ့် ချစ်ခြင်းမေတ္တာမဟုတ်ပါဘူး။
of through thick & thin (with) မှ တကယ့် ချစ်ခြင်းမေတ္တာ လို့ ထင်ပါတယ်။


Anonymous ပြောသလိုပဲ ခံစားသူအလိုက် ကျွန်မတို့ ကွဲပြားတယ်ပဲ ဆိုကြပါတော့။း)))

jr.lwinoo said...

ပြောရရင်တော့ အကျယ်ကြီးဖြစ်ကုန်မှာမို့ပါ။

Elizabeth မသေခဲ့ရင်လဲ သူလုပ်တာ မှန်တယ်လို့ ထင်စေဖို့၊ သူ့လိပ်ပြာ သူပြန်ကာဖို့ Matt က လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်သွားတယ်ပေါ့ရှင်။း))

ဘိုင်သဝေး ကဗျာစာသား အမှန်ကို ပြင်လိုက်ပါပြီ။ ကျေးကျေး။

အနော် said...

နောင်တ တဲ့.. စိတ်နှလုံးထဲ တန်းဝင်လာတဲ့ သူ့ရဲ့ ရည်ရွယ်ရင်းကိုက နောက်တဖန် ပြန်မရတော့ဘူး.. အဲ့လို အချိန်မျိုးမှာ ပေးသလောက် ပြန်ရပါ့မလား.. ကိုယ်ရခဲ့သလောက် ပြန်ပေးရမလား.. စဉ်းတော့ စဉ်းစားစရာနော် .. ကိုယ်ရခဲ့တယ်လို့ ထင်မိတဲ့အရာတွေဟာ တချိန်ချိန်မှာ ကိုယ် အမှန်တကယ် မရခဲ့ဖူးလို့ ထင်ရတဲ့ အရသာက အတော်တော့လဲ ဆိုးဝါးသား.. ..:)