Wednesday, February 15, 2012

လရိပ်အတွေး

လပြည့်ပြီးကာစ ညမို့ လက ထိန်ထိန်သာနေ၏။ မည်သူတစ်ဦးတစ်ယောက်၏ စေခိုင်းချက်မှ မပါဘဲ အလိုအလျောက် အပြင်သို့ တဖြည်းဖြည်း ထွက်လာခဲ့မိသည်။
လတွင် တကယ်ပဲ ဆွဲအားတွေများရှိနေပါသလား?
ဒီလိုညမျိုးမှာပဲ Shel Silverstein က Moon-catchin' Net ကဗျာကို ရေးခဲ့တာများလား?
ဒီလိုညမျိုးမှာပဲ ဆရာမဂျူး ရဲ့ ဇာတ်ကောင် မြ တစ်ယောက် ရေတွင်းနား တဖြည်းဖြည်းလှမ်းသွားခဲ့သည်လား?
ဒီလိုညမျိုးမှာပဲ ဗင်းဆင့်ဗန်ဂိုး တစ်ယောက် "Starry Night" "Cafe Terrace" "The Potato Eaters'" တို့လောက် လူကြိုက်မများလှသော "Factories Seen from a Hillside in Moonlight" ကားကို ဆွဲဖြစ်ခဲ့သည်လား?

သေချာတာကတော့ သူမမှာ ဘာရည်ရွယ်ချက်မှ မရှိဘဲ ထွက်လာခဲ့ခြင်းသာ။
ထိုင်နေကြ မြောင်းလေးပေါ်မှာ ခြေချထိုင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ စာရေးကောင်းပြီး မရေးတာကြာဘီဖြစ်သော သူငယ်ချင်းကို သတိရမိသည်။
သူသာဆို ကျွန်မထက် ခုလိုညမျိုးကို ပိုပီပြင်အောင်ဖွဲ့နိုင်မှာ သေချာပါသည်။

ကျွန်မသူငယ်ချင်းက ချစ်၊ ကြိုက်၊ ကွဲ၊ ညား၊ နာကျင်၊ ကြေကွဲ၊ အသဲကွဲ ကဗျာများကို စိတ်ကုန်နေသူ။ သူ့မှာလဲ သူ့အကြောင်းပြချက်နဲ့သူ။
စိတ်ညစ်ပါသည်ဆိုမှ သပွတ်အူမြောလာတာ ထိုင်မကြည့်ချင်ဘူးတဲ့။
သူပြောသည့် ချစ်စရာကောင်းသော ကဗျာမျိုး ကျွန်မ မရေးနိုင်သေး။
တဂိုး၏ ကဗျာတစ်ပုဒ်ကို ဆရာမောင်ဖြူး ဘာသာပြန်ထားသောကဗျာလေး။
အမေနဲ့သား တူတူပုန်းတမ်းဆော့တော့ သားက စကားပန်းပွင့်လေးဟန်ဆောင်ပြီး ပုန်းလိုက်တဲ့ ကဗျာမျိုးပေါ့။ တွေးကြည့်တာနှင့်ပင် နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားမိသော ချစ်စရာကဗျာမျိုး ..

Shel Silverstein ရဲ့ ကဗျာလေးကလဲ စိတ်ကူးကောင်းကောင်းလေးပင်။
ဒါပေမယ့် လကို ဖမ်းချင်သော လောဘတစ်ခုက ကဗျာ၏ အဓိက အသက်ဖြစ်လို့နေသည်။
တဖက်ကပြန်တွေးတော့ အဲဒီအကြောင်းတစ်ခုကြောင့် ကဗျာလေးက သက်ဝင်လှပလို့သွားသည်။
အဲဒီအကြောင်းတစ်ခုကြောင့် ကဗျာလေး လူကြိုက်များသွားသည်။
တကယ်ဆို လမင်းအလင်းရောင်ကို အတူမျှဝေခံစားသင့်တာမျိုး မဟုတ်လား။
ဒါပေမယ့် သူ့ရဲ့လောဘကို လူတွေ မမြင်နိုင်တော့အောင် သူ့ အနုပညာနှင့် ချယ်မှုန်းပြသွားသည်ဟု ကျွန်မကတော့ ထင်မိသည်။

တကယ်တော့ ယနေ့ မျက်မှောက်ခေတ်ကြီးထဲ နေ့တဒူဝ နာကျင်၊ ကြေကွဲ၊ ထိခိုက်မှုတွေ များတဲ့ လောကရဲ့ အရိပ်အောက်က ထွက်ပြီး ကြည်လင် ရှင်းသန့်သော ချစ်စဖွယ်ကဗျာတပုဒ်ထွက်လာဖို့ဆိုသည်မှာ ဒီလိုညမျိုးမှာရှိတဲ့ လ ရဲ့ ဆွဲငင်အားအောက်က ထွက်ပြေး သလို တော်တော်ခက်ပါလိမ့်မည်။

ဆရာမဂျူးရဲ့ ဇာတ်ကောင် မြ သည်လဲ အဲလိုဖြစ်ခဲ့ပါလိမ့်မည်။ "မြရဲ့လ" ကို အထပ်ထပ်ဖတ်ပြီး ကျွန်မသည် ခံစားသိဖြင့် မြ ငယ်ငယ်ကတည်းက လိုချင်ခဲ့သော၊ သူ့ဖခင်ကို အထပ်ထပ် ပူဆာခဲ့သော ရေတွင်းထဲက လ ကို ရသွားခဲ့သည်ဟု ယုံကြည်မိသည်။ ကဲ မြ အတွက် ကျွန်မတို့တွေ ဘာကြောင့်များ ပူဆွေးနေကြမလဲ?

...

♪ ♫ ငါချစ်တဲ့ ဗင်းဆင့်ရုပ်ပုံလွှာ ထင်ယောင်မှား
ကြယ်တွေငိုနေသလား ♪ ♫

မထင်မှတ်ပဲ ဒီသီချင်း တပိုင်းတစကို လေချွန်မိတော့ ရင်ထဲ ကျင်ခနဲဖြစ်သွားသည်။
ဘာပဲဖြစ်ဖြစ် အနုပညာသိပ်မြောက်လွန်းရင် နာကျင်ရတယ် ဟု ကျွန်မတိုးတိုးညည်းလျှင် ယုံကြည်ပေးမည့် လူတစ်ယောက်ရှိနေသေးသည်။
"ဒီလိုစကားမျိုးက လူတိုင်းကို ပြောလို့မရဘူးဟ" ဟုပြောတော့ သူ ဟက်ဟက်ပက်ပက်ရီသည်။

ဗင်းဆင့် ....
ဘာသာရေးဆရာလုပ်ဖို့ကြိုးစားခဲ့ဖူးတဲ့ စစ်မှန်သော ဘုရားသခင်ရဲ့သားတော်ဖြစ်ချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့သူ
ကောင်မလေးတယောက်ကိုအသေအလဲချစ်ခဲ့ပေမယ့် ခေါင်းနီအရူးဆိုတဲ့ အဖြေကိုသာ ရခဲ့သူ
လုံးဝမအောင်မြင်တဲ့ ပန်းချီဆရာ
စိတ်ရောဂါကုဆေးရုံမှာသွားနေခဲ့ရသူ
သူ့ဟာသူတောင်ရှာမစားနိုင်လို့ သူ့ညီသီအိုရဲ့ အထောက်အပံ့ကို ရယူခဲ့ရသူ
သူ့လက်ရာကိုထောက်ခံတဲ့ လူလေးလက်တဆုပ်နဲ့ သူ့ရဲ့ ရပ်တည်မှုကို မပြောင်းလဲခဲ့သူ
နောက်ဆုံးတော့ လူတွေသိလိုက်ရတာက သူကိုယ်တိုင်က အနုပညာတခုမှန်း
သူ့အကြောင်းကြားသူမှန်သမျှ ကြေကွဲရမယ် နှမျောရမယ် ...
ရက်စက်လွန်းရာကျလောက်အောင် လက်ရာမြောက်တဲ့ အနုပညာတခုပေါ့...

ဤသို့သော အနုပညာရှင် ဗင်းဆင့် ရဲ့ "Factories Seen from a Hillside in Moonlight" ပန်းချီကားသည်လဲ ယနေ့လို ည၊ ယနေ့လို လ မျိုးနှင့် တနည်းတဖုံပတ်သက်နေမည်သာ။
အနုပညာရှင်ကြီး လရောင်အောက်မှာ ဘာတွေတွေးနေခဲ့ပါသလဲ? ထိုကဲ့သို့သော အနုပညာရှင်၏ လက်ရာတစ်ခုအား ဝေဖန်စောကြောဖို့ ကျွန်မ ဘာပညာမှမတတ်ပါ။
ကျွန်မတွင်ရှိသည်က ကိုယ်ပိုင် ခံစားသိတစ်ခုမျှသာ။
ကျွန်မတစ်ဦးတည်းခံစားချက်အရ ကျွန်မသွားတွေ့သည်က ဤပန်းချီကားထဲတွင် ဖန်တီးသူ၏ သဘာဝကို ချစ်မြတ်နိုးစိတ်။

အခြားတဘက်တွင် တွေ့ရသော စက်ရုံများ၊
တလူလူ မီးခိုးများ၊
အဲဒီမီးခိုးများကို ဖန်တီးသူနှင့် ခြားထားလိုက်သော စည်းရိုးများ၊
နောက် ခပ် ဝေးဝေးက လ တစ်စင်း။

ဗင်းဆင့်ရော ကျွန်မလို စက်မှုမြို့ပြဘ၀ကို ငြီးငွေ့နေခဲ့ပါသလား?
သဘာဝကို ဖျက်ဆီးသည့် မီးခိုးငွေ့များကြား မွန်းကြပ်နေခဲ့ပါသလား?
အလိမ်အညာတွေများသော မြို့ပြ လူမှုဝန်းကျင်က ထွက်ပြေးပြီး ထိုထိုသော အရာများနှင့် စည်းခြားပြီး နေလိုစိတ်တွေ ကြီးစိုးနေခဲ့ပါသလား?
ပန်းချီကားထဲက လရောင်သည်ပင် ၀ါကျင်ကျင်။
ဖန်တီးသူ ဤသို့ မဆိုခဲ့လေတောင် ကျွန်မအတွက်တော့ သိပ်ကိုနာကျင်ရတဲ့ လက်ရာမြောက် ပန်းချီကားတစ်ခု။

တကယ်တော့ ဗင်းဆင့်က အဖြူထည်။ သူ့စိတ်ကူးလေးက နူးနူးညံ့ညံ့။
သူ အားလ် (Arles) မှာ နေတုန်းက ဆွဲခဲ့တဲ့ ပန်းချီကားလေးမှာ သူ့စိတ်ကူးကို သွားတွေ့ရသည်။
သူ အဲ့ဒီမှာ အိမ်လေးဆောက်ပြီးနေခဲ့သည်။ အဲဒီအိမ်လေးက ပန်းချီဆရာတွေကို ဖိတ်ပြီးနေမယ့်အိမ်။ တူတူပန်းချီတွေဆွဲကြမယ်၊ ပန်းချီအကြောင်းတွေပြောကြမယ်ဆိုတဲ့ ချိုမြိန်စိတ်ကူး။
အရင်ဆုံးလာတဲ့သူက ဂေါ်ဂင်။
ဂေါ်ဂင်မလာခင် သူ ဖန်တီးခဲ့တဲ့ "Vincent's Bedroom in Arles" ဆိုတဲ့ ပန်းချီလေးထဲမှာ အရာအားလုံးက နှစ်ခုစီ။


ကုလားထိုင်နှစ်လုံး၊ ခေါင်းအုံးနှစ်လုံး၊ ပန်းချီကားနှစ်ချပ်စီ နဲ့ ပြတင်းပေါက်နှစ်ချပ်။

ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့စိတ်ကူးမျိုးပါလဲ။

တကယ် ဂေါ်ဂင်ရောက်လာတဲ့ အခါကျတော့ ကြက်ဥကြော်တာ စုတ်တံနဲ့ထိုးချင်ထိုး၊ တာပင်တိုင်တွေထည့်လိုထည့်နဲ့ စားတာသောက်တာကိုကအစ ပျောက်ထွက်သွားအောင် ပန်းချီမှာ ရူးသွပ်နေခဲ့တဲ့ ဗင်းဆင့်ကို နားလည်မပေးနိုင်ခဲ့တော့။

ဗင်းဆင့်လောက် ဂေါ်ဂင်က အနုပညာကို မရူးသွပ်ခဲ့။

မနှိုင်းကောင်းနှိုင်းကောင်း ကျွန်မတွင်လဲ အမြဲလိုလို အဲလိုအိမ်လေးမျိုး လိုချင်မိသော စိတ်ကူးသေးသေးလေးရှိပါသည်။
ကျွန်မနှစ်သက်သော စာလေးတွေဖတ်လို့၊ အခြေအတင်ဆွေးနွေးလို့ရသည့် သူငယ်ချင်း တစ်ယောက် နှစ်ယောက်လောက်နှင့်။
ဗိုက်ဆာလျှင် ကော်ဖီလေး တစ်အိုးနှပ်၊ ပြီးလျှင် ကော်ဖီ တစ်ယောက်တစ်ခွက်စီနှင့် ကုလားထိုင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် နှစ်သက်ရာစာအုပ်ကိုယ်စီကိုင်လို့။
တခါတလေ ဂျစ်ပစီတွေလိုစိတ်နဲ့ ဟိုအကွေ့က ဖြစ်ပျက်ခဲ့သမျှကို ရယ်ကာမောကာပြန်ပြောလို့ မေ့လွယ်ပျောက်လွယ်ရှိမယ့် ကောင်းကင်ဘုံသေးသေးလေး တစ်ခုလောက်ပေါ့။

အခုလောလောဆယ်တော့ ဖတ်ဖူးခဲ့သည့်စာတပိုဒ်ထဲကလို လူကြိုက်မများသော စာအုပ်တစ်အုပ်လို ချောင်တစ်ချောင်မှာ ငြိမ်ငြိမ်လေး အေးချမ်းသည့်အရသာလေး နှင့် ကွေးပြီး နေ နေ မိရုံလောက်သာ တတ်နိုင်သေးသည်။

နက်ဖြန်ဆိုတာ မတွေးမိအောင်နေရင်းနှင့် သတိမေ့တာတွေများလာသည်။ ကြာတော့လည်း မေ့ချင်တာတွေကို မေ့ထားရင်း တကယ်မေ့သွားတော့သည်။
မနှစ်က ဒီလိုအချိန်ကရော ကျွန်မ ဘာတွေလုပ်နေခဲ့ပါလိမ့်? ဒီနေ့ဟာ ဘာနေ့ပါလိမ့်?
ဝိုးတိုးဝါးတား။
ခု အချိန်တော်တော်လင့်နေပြီ ဆိုတာ သေချာပါသည်။ စဉ်းစားမနေတော့ဘဲ အိမ်ပြန်ရန် ထရပ်လိုက်သည်။

...

မပြောဘဲ ထားသော စကားတို့သည် နာကြားလွယ်၏။ နံရံများ၌ နားများရှိကုန်၏ စကားကို သူမ ယုံကြည်သည်။
လရောင်တိမ်းစောင်းသွားသောအခါ အရိပ်တို့ ယိမ်းပါးရစမြဲ။
သူမမျက်နှာပေါ်တွင် အရိပ်တွေကတော့ လရောင်ကြောင့် မယိမ်းဘဲ အမြဲဖတ်ရလွယ်နေမည်သာ ...

အပြန်လမ်းမှာ ခုနက သီချင်း တစ်ပိုင်းတစ်စကို ဆက်ညည်းလိုက်သည်။

♪ ♫ ဆိုက်ပရပ်စ်လမ်းဟာ အိပ်မက်လို
ယိမ်းလှုပ်မှိုင်းဝေအုံ့ဆိုင်းနေ
အာလူးစားသူတွေရဲ့ မျက်နှာတွေ ♪ ♫

----

၁၅.၀၂.၂၀၁၂။
၂း၃၀ မနက်။



11 comments:

Anonymous said...

ရေလည်မိုက်တယ် အမ
( နက်ဖြန်ဆိုတာ မတွေးမိအောင်နေရင်းနှင့် သတိမေ့တာတွေများလာသည်။ ကြာတော့လည်း မေ့ချင်တာတွေကို မေ့ထားရင်း တကယ်မေ့သွားတော့သည်။
မနှစ်က ဒီလိုအချိန်ကရော ကျွန်မ ဘာတွေလုပ်နေခဲ့ပါလိမ့်? ဒီနေ့ဟာ ဘာနေ့ပါလိမ့်?
ဝိုးတိုးဝါးတား။)

ပြန်ရှာကြည့်ဦးမယ် မောင်ဖြူးကဗျာကို နီးစပ်ရာလည်းမေးကြည့်ဦးမယ် ..

LB

နေ၀သန် said...

အစ်မရဲ့ စာလေးတွေက ချစ်စရာကောင်းတယ်.. ကျွန်တော်စဖတ်ခဲ့ဖူးတဲ့ ရေဒီယိုလေးကနေ.. အခု လရိပ်အတွေး... ဒီစာလေးတွေဟာ တစ်စုံတစ်ရာကို ကြည့်ပြီး အတွေးတွေကိုပွား... ဖြန့်ကျက်ပြီး ရေးထားတာ.. ပြီးတော့ အဲဒီအတွေးထဲမှာ အသိပညာလေးတွေရစရာပါနေတတ်တယ်.. ဗဟုသုတရစရာလေးတွေပါနေတတ်တယ်... အမြဲနှစ်သက်စွာ စောင့်မျှော်ဖတ်ရှုနေပါဦးမယ်..

ခင်မင်လျက်
နေ၀သန်

jasmine(တောင်ကြီး) said...

ဗင်းဆင့်ရဲ့ ပန်;ချီတွေကြည့်ချင်နေတာနဲ့အတော်ပဲ
ရှိရင်ထပ်တင်ပေးပါနော်
ချစ်တဲ့ jasmine

အနော် said...

ဖြန့်ကြတ်ထားတဲ့ စိတ်ကူးယဉ်မှုထဲမှာ ဖြူစင်တဲ့ စိတ်အတွေးတွေကို ခံစားမိတယ်.. လရောင်က နွေးထွေးပါစေ ခင် :)

လင်းဒီပ said...

လရောင်ဆမ်းသော အက်ဆေးပေါ့ ။

ဗင်းဆင့်ဗင်ဂိုး ဘာမှန်းမသိခင်ကတည်းက အဲဒီသီချင်းလေးကို စွဲလမ်းပြီး အဲဒီသီချင်းကြောင့်ပဲ အနုပညာသမားတစ်ယောက်ရဲ့ စီးဆင်းနေတဲ့ စိတ်ကို စာနာနားလည်တတ်လာတယ် ။

Prizewai said...

တလွင့်လွင့်ခံစားချက်ရတယ်..
ကောင်းတယ်.. တည လမ်းထွက်လျှောက်မှပါ..

ချော (အစိမ်းရောင်လင်ပြင်) said...

ဂျူရဲ့ စာလေးတွေ ဖတ်ရတာ မြူမှုန်ခပ်ပါးပါးကျနေတဲ့ လရိပ်အောက်မှာ လမ်းလျှောက်ရသလိုလိုဘဲ..
ငြိမ့်ငြိမ့်အေးအေးလေး ခံစားရတယ်။
ဖတ်တိုင်းလည်း နှစ်သစ်သဘောကျရတယ်။။
အဲဒီလိုလေး ရေးတတ်ချင်လိုက်တာရယ်လို့လည်း အားကျမိတယ်။ တကယ်ပါ..
လရောင်အောက်မှာ လမ်းလျှောက်ရင်း မွှေးမြမြပန်းရနံ့လေးပါ ရသလိုလိုပေါ့...

မြစ်ကျိုးအင်း said...

တွေးတွေးငေးငေးနဲ့ ကြည်မွေ့ဖို့ကောင်းတဲ့ လရောင်ထဲ ပြန်ရောက်ချင်တယ်။ လ ဝေး ညတွေ မရေတွက်နိင်တော့ဘူး။ အဲဒီလိုညပြန်ရရင် ငါလည်း တွေးမိမှာပဲ။ ဒီအက်ဆေးလေး အကြောင်းတောင် ပါချင်ပါနိင်တယ်။ သတိရသေးရင်ပေါ့။

Anonymous said...

လရိပ်အောက်ကိုရောက်နေရင် ကိုယ်လည်းအလိုလိုအတွေးတွေဖြန့် မိတတ်တယ်။
ခံစားဖတ်သွားပါတယ်။ ကြိုက်ပါတယ်။
အိုင်အိုရာ

သဒ္ဓါလှိုင်း said...

မဂျူလိုချင်တမ်းတတဲ့ဆန္ဒလေးတွေက သဒ္ဓါ့ဆန္ဒနဲ့ အတူတူဖြစ်လို့ ဝမ်းသာမိတယ်။ အဲလိုကောင်းကင်ဘုံလေး ဘယ်တော့များမှ လက်ဝယ်ပိုင်ဆိုင်ရမှာလဲလို့ တွေးတောတဲ့အခိုက်..
ချစ်တဲ့
သဒ္ဓါ

Anonymous said...

စာတစ်ပုဒ်လုံးဟာ ဂျူနီယာ့ခံစားမှုချိုချိုအေးနဲ့
မွှေးမြလို့နေတယ်။
နွားနို့အေးအေးလေးထဲကို သကြားရည်လေးထည့်ပြီး
ပေါင်မုန့်ပျော့ပျော့လေး နှစ်... နှစ်ပြီး စားရသလိုပေါ့။