Thursday, January 5, 2012

ကျွန်မတွင် ကြောင်ကလေးတစ်ကောင် ရှိ ခဲ့ ဖူး ပါသည်။

ဒီနေ့ ကြောင်ကလေးနှင့် ကျွန်မ အပြီးတိုင် ခွဲခွာခဲ့ကြပြီဖြစ်ပါသည်။
လွန်ခဲ့သည့် သုံးပတ်တာကာလအတွင်း ကြောင်ကလေးတစ်ကောင် ကျွန်မဘ၀ထဲသို့ ၀င်ရောက်လာခဲ့ပါသည်။
သုံးပတ်ဆိုသော အချိန်သည် အကြာကြီးလား၊ တိုတိုလေးလား?
ကျွန်မတွင် အဖြေမရှိပါ။

---

လွန်ခဲ့သည့် သုံးပတ်မတိုင်ခင်က ကျွန်မမောင်လေး ဖုန်းဆက်သည့် အချိန်တုန်းက ကျွန်မဘ၀ထဲသို့ ကြောင်တစ်ကောင် ၀င်ရောက်လာလိမ့်မည်ဟု ကျွန်မကြိုမသိခဲ့ပါ။ မည်သည့်အခါကများ ကျွန်မတို့ ကံကြမ္မာကို ကြိုမြင်ပြီး တားဆီးနိုင်ခဲ့ကြပါသလဲ?
ကျွန်မတွင် အဖြေမရှိပါ။

ကျွန်မသည် သတ္တ၀ါလေးများကို ချစ်တတ်သော်လည်း ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေလေ့ရှိသော ဒီလိုနေရာတွင် ကြောင်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘာဖြစ်လို့ အလွယ်တကူ တာဝန်ယူခဲ့မိပါသလဲ?
ကျွန်မတွင် အဖြေမရှိပါ။

မောင်လေးက သူရန်ကုန်ကို သုံးပတ်ပြန်မည့် အချိန်အတွင်း သူ့အိမ်၊ ကြောင်ကလေး နှင့် ငါးကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးရန် အကူအညီတောင်းလာသောအခါ ကျွန်မထုံးစံအတိုင်း ပါးစပ်မှ ပွစိပွစိပြောမိသော်လည်း အကူအညီဆိုသော စကားလုံး တစ်ခုအောက်တွင် ထုံးစံမပျက် အလွယ်တကူပင် ခေါင်းညိတ်မိခဲ့ပါသည်။
သည်လိုနှင့် ကြောင်ကလေး တစ်ကောင် ကျွန်မဘ၀ထဲ ရောက်လာခဲ့ပါသည်။

---

ကြောင်ကလေးသည် အဖြူရောင်ကလေး ဖြစ်ပါသည်။
ကြောင်ကလေးသည် ခပ်ဆိုးဆိုးလေး ဖြစ်ပါသည်။
ကြောင်ကလေးသည် မောင်လေးတို့ တစ်မိသားစုလုံးနှင့် လုံးထွေးနေလာခဲ့သဖြင့် တစ်ကောင်တည်း ဖြစ်နေသော အခါ အထီးကျန်နေပုံရပါသည်။ အဖော်မင်သော ကြောင်ကလေးသည် အိမ်တွင် မနေချင်လှပါ။
ညနေကျွန်မပြန်လာတိုင်း လျှောက်သွားနေသော ကြောင်ကလေးကို ရှာရပြန်ပါသည်။

ကြောင်ကလေးသည် အလွန်ပင် ဂျီးများပါသည်။ အစာတစ်မျိုးထဲကို နှစ်နပ်ထပ်ကျွေးလို့မရပါ။
တကယ့်တကယ်တန်းကျတော့ အလုပ်တစ်ဖက်နှင့် အခြားအိမ်တစ်အိမ်သို့သွားကာ ကြောင်ကလေးနှင့် ငါးကလေးများကို နေ့တိုင်း အစားကျွေးရသည့် အလုပ်မှာ ထင်သလိုမလွယ်လှပါ။ ကျွန်မမှာ နေ့တိုင်းနီးပါး အလုပ်အရှိန်ကြောင့် စိတ်ရော ကိုယ်ပါ အနည်းအများ ပင်ပန်းလှပါသည်။
ထိုအခါ ကျွန်မ စိတ်တိုလာပါသည်။
သို့သော် ကြောင်ကလေးက ချစ်စရာမျက်လုံးလေးများနှင့် ၀င့်ကြည့်သော အခါတွင်ကျ ကျွန်မစိတ်တွေပြေရပြန်ပါသည်။
သူ့မျက်လုံးထဲက အထီးကျန်မှုကို တွေ့သောအခါ အသာအယာ ထွေးပိုက်မိပြန်ပါသည်။
နွေးထွေးသော မိသားစုထဲတွင်နေခဲ့ပြီး အခုလို တစ်ကောင်ထဲ ဖြစ်နေရှာသော ကြောင်ကလေး၏ မျက်လုံးများကို ကိုယ်ချင်းစာမိပြန်ပါသည်။
ပွတ်သီးပွတ်သပ်လုပ်သောအခါ ငါအလုပ်သွားနေတုန်း ဗိုက်ဆာနေလျှင် ဘယ်လိုလုပ်ရပါ့ဟု ပူပန်မိပြန်ပါသည်။

တစ်နေကုန် ပင်ပန်းလာသောအခါ အစာတွေ ထည့်ပေးခဲ့တာပဲ ဒီနေ့တော့ မသွားတော့ဘူးဟု စဉ်းစားမိသော်လည်း ညနေ အိမ်နားရောက်သည်နှင့် ကြောင်ကလေး၏ အထီးကျန်မျက်လုံးများကို မြင်ကာ ကျွန်မခြေလှမ်းတွေက ကြောင်ကလေးဆီသို့သာ ဦးတည်နေခဲ့မိပြန်ပါသည်။
ကျွန်မ၏ ခဏတာ အပွေ့အပိုက်တို့တွင် ကြောင်ကလေး ခေတ္တမျှ ငြိမ်းချမ်းပါစေ။
အထီးကျန်မှု၏ နာကျင်မှု အရသာကို ကြောင်ကလေး မခံစားစေချင်သည်က ကျွန်မ၏ စစ်မှန်သော စေတနာဖြစ်ပါသည်။

ဒီလိုနှင့် ကြောင်ကလေးကလဲ အလိုက်တသိ ဓါတ်လှေကားထိပ်တွင် ကျွန်မကို စောင့်နေသော ရက်တွေ များလာပါသည်။ ကျွန်မဓါတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် အပြေးအလွှား ကျွန်မခြေထောက်နား ရောက်လာပြီး တိုးဝှေ့ပါတော့သည်။

ဒီလိုနှင့် တိုတောင်းသော အချိန်အတွင်း ကျွန်မတို့ အလိုအလျောက် ရင်းနှီးသွားခဲ့ကြပါသည်။

ဒီလိုနှင့် အနာဂါတ်ကို မပိုင်သော ဘ၀ထဲ ကြောင်ကလေး တောင့်တနေသော လှမ်းဆွဲထားမည့် လက်တစ်စုံကို ကျွန်မ ကမ်းခဲ့မိပါတော့သည်။

---

ကြောင်ကလေးသည် တဖြည်းဖြည်းနှင့် အရင်လို မဖြူစင်တော့။ (အဖြူရောင်မှ မဲညစ်လာပါသည်။)
တဖြည်းဖြည်းနှင့် ကျွန်မကို ပိုပြီးလည်း ဂျီကျလာပါသည်။ တစ်ခါမှ ကြောင်စာများနှင့် မရင်းနှီးသော ကျွန်မသည် ကြောင်စာများထားသော နေရာသို့ရောက်ကာ ခေါင်းခြောက်အောင် အစာဗူးများ ရွေးရပြန်ပါသည်။
ကြောင်ကလေးသည် ဖြစ်သလို ထားခဲ့သော သခင်များထက် သူ့အလိုလိုက် အကြိုက် မဆောင်နိုင်သော ကျွန်မကိုသာ အပြစ်တင်ချင်ဟန် ရှိပါသည်။
အဲဒီကြားထဲက ကျွန်မပူပန်မှုကို မသိဘဲ ဂျစ်တီးဂျစ်ကန်လုပ်သောအခါ စိတ်တိုမိပြန်ပါသည်။
ကျွန်မ မြည်တွန်တောက်တီးသံကိုလည်း ကြောင်ကလေး နားယဉ်လာပုံရပါသည်။
ဦးခေါင်းလေး ကျွန်မရင်ခွင်ထဲ တိုးဝင်လာသော အခါ ကျွန်မ စိတ်ပြေရပြန်ပါသည်။
"ပင်ပန်းလာတာ မသိဘူးလား ဟင်" ဟု ကြောင်ကလေးမျက်လုံးများထဲ ကြည့်ကာ မေးမိပါသည်။

အရမ်းပင်ပန်းသောနေ့တွေတွင် ဒရွတ်တိုက်ဆွဲလာသော ကျွန်မခြေထောက်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ နေ့တစ်နေ့ရဲ့ အခက်အခဲတွေကို ကြောင်ကလေး မသိဘူးလား?
ကျွန်မတွင် အဖြေမရှိပါ။

"ကိုယ်ချင်းစာတရား" ဆိုသော စကားလုံးသည် ကြောင်တစ်ကောင်၏ အဘိဓါန်တွင် မည်သည့်အခါကမျှ ပြဌာန်းထားခဲ့ဟန်မတူပါ။
ကြောင်တစ်ကောင်ဆီက နားလည်မှုကို လိုချင်နေသော ကျွန်မ မိမိကိုယ်ကိုသာ မိမိ အပြစ်တင်မိပါသည်။

---

သုံးပတ်ဆိုသော အချိန်သည် ခဏလေးလဲ ဖြစ်နိုင်သလို၊ အကြာကြီးလဲ ဖြစ်နိုင်ပါသည်။
မနေ့ကတော့ မနက်ဖြန်ဆို ငါ ကြောင်ကလေးဆီသွားစရာမလိုတော့ဘူး ဆိုပြီး ကျွန်မတွေးနေမိပါသည်။ စိတ်တွေလဲ ပေါ့ပါးနေသယောင်။

အစာကျွေးပြီးတော့ ကျွန်မတံခါးပိတ်လိုက်ပါသည်။ ကြောင်ကလေးက ထုံးစံအတိုင်း ဓါတ်လှေကားထိပ်ထိ လိုက်လာပြီး ကျွန်မကို ပို့ပါသည်။
ဓါတ်လှေကားမရောက်လာခင် မော့ကြည့်နေသော ကြောင်ကလေးကို "နက်ဖြန်ဆို မင်းသခင်တွေ ပြန်လာတော့မှာကွ" ဟု ပြောလိုက်မိပါသည်။
ကျွန်မ စကားသံ အဖျားတွင် လှုပ်ခတ်သွားပါသလား?
ကျွန်မတွင် အဖြေမရှိပါ။

---

ဒီနေ့ မောင်လေးတို့ မိသားစု ပြန်လာပြီဖြစ်သဖြင့် ကျွန်မ သော့ သွားပြန်ပေးခဲ့ပါသည်။
ကြောင်ကလေးသည် ဓါတ်လှေကားထဲမှ ထွက်လာသော ကျွန်မဆီ အပြေးလာပါသည်။ မောင်လေးနှင့် အိမ်ပေါက်ဝတွင်သာ စကားပြော ဖြစ်ပြီး အိမ်ထဲသို့ မ၀င်ဖြစ်တော့ပါ။
ကျွန်မခြေထောက်အောက်တွင် ပွတ်သပ်နေသော ကြောင်ကလေးကို ကြည့်ကာ မောင်လေးက "ကြည့်ပါဦး မမကို ချွဲနေတာ" ဟု ပြောပါသည်။ ကျွန်မတွင် ပြန်ပြောစရာ စကားမရှိပါ။
ကြောင်ကလေးကို ခါတိုင်းလို ကောက် မချီမိတော့ပါ။ ခါတိုင်းလို အစာမကျွေးမိပါ။
ခါတိုင်းလို အိမ်ပေါက်ဝမှ ကြိုတင်ပြီး အစာစား မစား အစာခွက်ကို လှမ်းမကြည့်မိတော့ပါ။
ကြောင်ကလေး၏ သခင်တွေ ပြန်လာပြီဖြစ်ပါသည်။

---

ကြောင်ကလေးက ကျွန်မကို ဓါတ်လှေကားထိပ်ထိ ထုံးစံအတိုင်းလိုက်ပို့ပါသည်။ ဓါတ်လှေကားက အဲဒီအထပ်တွင်ပင် အဆင်သင့် ရှိနေသဖြင့် ကျွန်မစောင့်စရာမလိုတော့ပါ။
ကြောင်ကလေးလဲ ကျွန်မကိုမော့ကြည့်စရာမလိုတော့။
ကျွန်မလည်း ခါတိုင်းလို ကောက်မချီမိတော့။
ကျောခိုင်းကာ ထွက်ခွာလာတော့ ကြောင်ကလေး ကျန်ရစ်ခဲ့ပါသည်။
ကြောင်ကလေး ကျွန်မကို လှမ်းကြည့်နေမိသေးသလား? ကျွန်မတွင် အဖြေမရှိပါ။

----

ဒီနေ့ ကြောင်ကလေးနှင့် ကျွန်မ ခွဲခွာခဲ့ကြပြီဖြစ်ပါသည်။ လွန်ခဲ့သည့် သုံးပတ်တာကာလအတွင်း ကြောင်ကလေးတစ်ကောင် ကျွန်မဘ၀ထဲသို့ ၀င်ရောက်လာခဲ့ပါသည်။
သုံးပတ်ဆိုသော အချိန်သည် အကြာကြီးလား၊ တိုတိုလေးလား? ကျွန်မတွင် အဖြေမရှိပါ။
သုံးပတ်ဆိုသော အချိန်အတွင်း ကျွန်မကြောင်ကလေးကို ချစ်ခဲ့မိသလား? ကျွန်မတွင် အဖြေမရှိပါ။
သုံးပတ်ဆိုသော အချိန်အတွင်း ငါးကလေးများထက် ဘာကြောင့် ကြောင်ကလေးကို ပို သံယောဇဉ်တွယ်ခဲ့ မိပါသလဲ? ကျွန်မတွင် အဖြေမရှိပါ။
သုံးပတ်ဆိုသော အချိန်ကာလတစ်ခုပြီးနောက် ကျွန်မတွင် ၀န်ပေါ့သွားပါသလား? ကျွန်မတွင် အဖြေမရှိပါ။
သုံးပတ်ဆိုသော အချိန်ကာလ နောက်တွင် ကျွန်မ ကြောင်ကလေးကို သတိတရ ရှိနေဦးမည်လား? ကျွန်မတွင် အဖြေမရှိပါ။

ကြောင်ကလေးပူစီထံတွင်တော့ အဖြေတစ်ခုခု ရှိကောင်း ရှိနေပါလိမ့်မည်။
နောက်ဆုံးအချိန်ထိ ကြောင်တစ်ကောင်နှင့် နားလည်မှု စာချွန်လွှာရေးထိုးချင်သော ကျွန်မ၏မိုက်မဲမှုကို ပြန်စဉ်းစားရင်း ပြုံးမိပါသည်။

---

ဘာပဲပြောပြော ဒီနေ့ ကြောင်ကလေးနှင့် ကျွန်မ အပြီးတိုင် ခွဲခွာခဲ့ကြပြီဖြစ်ပါသည်။

ကျွန်မတွင် ကြောင်ကလေးတစ်ကောင် ရှိ ခဲ့ ဖူး ပါသည်။

---


၀၅.၀၁.၂၀၁၂။
၁း၁၈ မနက်။

6 comments:

သဒ္ဓါလှိုင်း said...

မဂျူ
သံယောဇဉ်ဆိုတာ သိပ်ကြောက်စရာကောင်းတယ်။ ကိုယ်ထားသလောက် ကိုယ့်အပေါ်တန်ပြန်တတ်တယ်။
ခင်မင်လျက်
သဒ္ဓါ

အနော် said...

ခင် တကယ် စိတ်ဖြတ်နိုင်ခဲ့တာပဲ..
တချို့အရာတွေက သယ်မလာနိုင်တဲ့အခိုက် လွှတ်ချလိုက်တာပဲ ကောင်းပါတယ် ...

Anonymous said...

မေတ္တာတရားဟာ အဲ့လိုပဲဖြစ်နေရမယ်
အမရေးတာ အဖြောင့်အတိုင်းပဲ ရိုးရိုးရှင်းရှင်းနဲ့ ကောင်းတယ် .. သို့သော်ငြိမ်လွန်းနေတယ်လို့ ကျနော်ထင်တာပဲ ဟီး ..

LB

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ ကိုယ်တိုင်တောင် ကြောင်ကလေးကို ခင်တွယ်စိတ်ဖြစ်မိတယ်။
မြင်ဖန်များရင်လည်း သံယောဇဉ် တွယ်ငြိတတ်တယ်နော်။ သုံးပတ်ဆိုတဲ့ အချိန်ဟာ ကောင်းကောင်းကြီးလုံလောက်ပါယတ်။

Mae Coe said...

သိပ်ချစ်ဖို့ကောင်းတဲ့ စာလေး...
ကြောင်ချစ်သူ၊ကြောင်မွေးခဲ့သူ၊ ကြောင်ပျောက်ခဲ့သူမို့ သံယောဇဉ်ကို နားနဲ့ ဆတ်ဆတ်ကြားရသလိုပဲ။

ကြောင်တွေဟာ အိမ်စဉ်လှည့်ပြီးပျော်တတ်တယ်။ သစ္စာရှိသယောင်တော့ ဟန်ဆောင်ချွဲနွဲ့တတ်တယ်။
တစ်ချို့ ကြောင်တွေက လူယောင်ဆောင်တတ်သေးတယ် ...
လူမျက်နှာဖုံးနဲ့ကြောင်တွေက အသည်းလည်းခွဲတတ်တယ်။

Anonymous said...

အဲ့ဒါကြောင့်မို့ ကြောင်နဲ့တူတဲ့လူတွေက
ကြောင်တွေကို မချစ်ဘူးတဲ့။
ကြောက်တောင်ကြောက်သေးသတဲ့ မဂျူ..။

Happy Lunar New Year ပါဗျားး။