Thursday, September 29, 2011

ဘယ်တော့မှ အနည်မထိုင်တဲ့ ကော်ဖီ

သွေးက ခုထက်ထိ ငယ်ထိပ်မှာ
ဆယ်စုနှစ်တစ်ဝက်လုံး ထင် တစ်လုံးနဲ့
နီးခြင်း၊ ဝေးခြင်းပြဿနာတွေနဲ့
ရှင်သန်ခြင်းဟာ ပိုးလောက်လန်းလိုပဲ။

မဟာဂီတနဲ့ နီးလိုက်၊ မော်ဒန်ရောခ် နဲ့ နီးလိုက်
ဖေ့စ်ဘွတ်နဲ့ နီးလိုက်၊ ဂျီမေးလ်နဲ့ နီးလိုက်
ပရီးမီးယားလိဂ်နဲ့ နီးလိုက်၊ ချန်ပီယံလိဂ်နဲ့ နီးလိုက်
ကိုရီးယားကားနဲ့ နီးလိုက်၊ ရုပ်ရှင်ရုံနဲ့ နီးလိုက်
ဝင်ငွေတွေနဲ့ နီးလိုက်၊ ထွက်ငွေတွေနဲ့ နီးလိုက်
ချစ်ခြင်းတွေနဲ့ နီးလိုက်၊ မုန်းခြင်းတွေနဲ့ နီးလိုက်
အဆိုးဆုံးကတော့ သေခြင်းတရားနဲ့ နီးလာတာပါပဲ။

ဝေးတာဆိုလို့
မြန်မာ စူပါမော်ဒယ်၊ မင်းသား၊ မင်းသမီး အသစ်တွေနဲ့ တဖြည်းဖြည်းဝေး
မြန်မာလိဂ်ဆိုတာနဲ့ တဖြည်းဖြည်းဝေး
သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းဝေး
ကြင်နာခြင်းတွေနဲ့ တဖြည်းဖြည်းဝေး
ရယ်မောခြင်းတွေနဲ့ တဖြည်းဖြည်းဝေး
လူတွေနဲ့ တဖြည်းဖြည်းဝေး
မိသားစုနဲ့ တဖြည်းဖြည်းဝေး
မျက်ရည်တွေနဲ့ ဝေး၊ နောင်တတွေနဲ့ဝေး
အဆိုးဆုံးကတော့ နားဝေးလာတာပါပဲ။

တော်ရာမှာ နေတဲ့ အရပ်ဆိုတော့လဲ
ဟိုခရုခွံထဲ ၀င်လိုက်၊ ဒီခရုခွံထဲက ထွက်လိုက်။

ဖောင်ဖျက်လာတဲ့ တိုက်ပွဲဆိုတော့လဲ
အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဟာ ဗုံလုံဖြစ်လိုက်၊ ငါးပျံဖြစ်လိုက်။

မပျော်ဘဲ က တဲ့ ဇာတ်ဆိုတော့လဲ
ဗီလိန်ဖြစ်လိုက်၊ မင်းသမီးဖြစ်လိုက်၊ ဇာတ်ပို့ဖြစ်လိုက်။

ဒဿနတွေ များတဲ့ ခေတ်ဆိုတော့လဲ
လူက အရင်းရှင်ဖြစ်လိုက်၊ ဆိုရှယ်လစ်ဖြစ်လိုက်၊ ဒီမိုကရက်ဖြစ်လိုက်၊ ကွန်မြူနစ်ဖြစ်လိုက်၊ လစ်ဘရယ်ဖြစ်လိုက်။

ကိုယ့်ကိုကိုယ် ခဏခဏကျပျောက်ပါများတော့လဲ
တခါတလေ ပြန်ရှာမနေတော့ပါဘူး။

(ဘ၀က)
ပိုများကောင်းမလားလို့ ဖျော်သောက်မိပါတယ်
အနံ့ကလေးပိုမွှေးသလိုလိုနဲ့
တကယ်တမ်းကျ ဘယ်တော့မှ အနည်မထိုင်တဲ့ကော်ဖီ။

၂၉.၀၉.၂၀၁၁။
၀၂း၀၂ ညနေ။

8 comments:

Anonymous said...

အိမ်လာပြီးအဲ့ဒီကော်ဖီလာသောက်ပါတယ်ဗျာ
ကော်ဖီကအိမ်မှာမရှိ အဲ့လို

သိင်္ဂါကျော် said...

ဘဝ ဆိုတာ အနည်မထိုင်တဲ့ ကော်ဖီ တဲ့လား.. ဟုတ်သလိုလို ပဲ..

လင်းဒီပ said...

အသက်အရွယ်ကြောင့် ဒီလိုကဗျာမျိုးတွေပဲ များများရေးချင် ဖတ်ချင်လာတော့တယ် ။

mirror said...

ဖတ်ရတာ အားရပါးရရှိပြီး
အရင် ဂျူနီယာ့ဟန်တွေ ပါးလျသွားတဲ့ကဗျာ တစ်ပုဒ်ပဲ။
ဒါမျိုး များများရေးပါ။

သဒ္ဓါလှိုင်း said...

မဂျူ.
အဓိပ္ပါယ်အပြည့်ရှိတဲ့ ကဗျာလေးကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်လိုက်တာ။
(အဆိုးဆုံးကတော့ သေခြင်းတရားနဲ့ နီးလာတာပါပဲ)။
ခင်မင်လျက်
သဒ္ဓါ

အနော် said...

ခဏခဏကျပျောက်ပါများတော့လဲ တခါတလေ ပြန်ရှာမနေတော့ပါဘူး :)

ကိုချစ်ဖေ said...

အဲ့ဒီလို အနယ်မထိုင်တဲ့ကော်ဖီ တခါတလေ အရည်ကျဲကျဲ ကော်ဖီ ပဲ အာသာပြေလေး သောက်သောက်နေရတာကိုက လဲ ဘ၀ပါပဲဗျာ.

jasmine(တောင်ကြီး) said...

ဘ၀ကိုကော်ဖီနဲ့နှိုင်းထားပြီရေးဖွဲ့ပြသွားတဲ့
ကဗျာကောင်းလေးပါ...