Monday, March 7, 2011

ပုရစ်ဖူး

အချိန်ကိုကြည့်ပြီး ရင်ထဲမှာ ပူလောင်လာသည်။ အမတွေကို နှုတ်ခမ်းစူပြ မျက်စောင်းထိုးပြီး ဒုန်းဒုန်းဒုန်းဆို အောက်ထပ်ကိုပြေးဆင်းပြီး မေမေ့ကို ရှာမိသည်။ သူမအတွက် စစ်ကူရလိုရငြားဖြစ်သည်။

ပြောလို့မရ။ မေမေက စာကျက်ဆိုရင်တော့ ဒုက္ခပါပဲ။ ဘုရားသိကြားမလို့ မေမေ စိတ်ကောင်းဝင်နေပါစေ ဟု ဆုတောင်းနေမိသည်။

"မေရေ့ .. မေ့ ..."

"ဟဲ့ ဘာတုန်း သမီးငယ်ရယ် .. အလန့်တကြား .."

"မီးလေ စာအုပ်အငှားဆိုင်လိုက်ချင်တာ အဲတာ မမကြီးနဲ့ မလတ်က မခေါ်ဘူး မီးကို .. ဟင့် ..."

ပြောရင်း ၀မ်းနည်းလာပြီး မျက်ရည်များပင် စို့တက်လာသည်။
ဒီအချိန်ဆိုလျှင် စာအုပ်အငှားဆိုင်သို့ သွားနေကြဖြစ်သည်။ အမတွေက အပျိုလုပ်ချင်သောအရွယ်ဖြစ်ပြီး လမ်းထွက်ရင် သူမကို ရှုပ်သည်ဆိုပြီး မခေါ်ချင်ကြတော့။ လှတပတမဟုတ်တောင် သပ်သပ်ခပ်ခပ်လေးဝတ်ပြီး သူတို့ဘာသာ သွားချင်ကြသည်။
တကယ်တော့ သူမ ကလေးမဟုတ်တော့ပါ။

"စာတွေလုပ်ပြီးပြီလား သမီးလေးရဲ့"

"လုပ်ပြီးဘီမေ့ .. အိမ်စာတွေ အကုန်ပြီးသွားပြီ။ အဲဒါမီးကို မခေါ်ဘူးတဲ့။"

မေမေက မျက်ရည်အ၀ိုင်းသားနှင့် ခပ်ချွဲချွဲပြောနေသော သူမကို ကြည့်ပြီး သနားသွားသည်ထင့်။
"ကဲ..ကဲ ဂါဝန်လဲပြီးလိုက်သွား။ မေမေပြောလိုက်မယ် မမတို့ကို။"

မျက်ရည်ကြားမှ မျက်ဝန်းတို့ ရွှန်းလဲ့တောက်ပလာကုန်သည်။ မေမေ့စကားမပြီးခင် အိမ်ပေါ် ပြန်ပြေး တက်လာသည်။

သူမကို ပြူးကြည့်နေသော အမတွေကို "မေမေက လိုက်သွားတဲ့"ဟု အပေါ်ကျောနှင့် ပြောလိုက်သည်။ စိတ်ပျက်လက်ပျက်ဖြစ်သွားသော အမတွေကို ကျောခိုင်းကာ ဗီဒိုကိုဖွင့်ပြီး သူမအကြိုက်ဂါဝန်လေးကို အပြေးအလွှားရှာတော့ မတွေ့။ ဒုက္ခပဲ။ ဘယ်မှာပါလိမ့်။

ဗီဒိုကိုမွှေနှောက်ရှာနေတုန်း .. အမတွေက အောက်ဆင်းသွားရာကနေ လှမ်းအော်ပြီး လိုက်မယ်ဆို မြန်လုပ်ဟု ပြောသွားကြသည်။
ကဲပါလေ .. ရှိတာပဲ ၀တ်သွားတာကောင်းပါတယ်။ တော်ကြာ မေမေနဲ့ အမတွေ စိတ်ပြောင်းသွားရင် .. မဖြစ်ဘူးဟု စဉ်းစားကာ မျက်စိရှေ့က ဂါဝန်တထည်ကို အမြန်ကောက်ဝတ်လိုက်သည်။

ပြန်ပြေးဆင်းလာတုန်း .. "မေ့သမီးက လမ်းသွားရင် သိပ်ဂျီကျတာ။ ဟိုဟာစားမယ်။ ဒီဟာလုပ်မယ်နဲ့" .. ဟု မမကြီးက မေမေ့ကို ပြန်ပြောနေတာကို မသိချင်ယောင်ဆောင်ပစ်လိုက်သည်။
"သမီးငယ် ကောင်းကောင်းသွား ကောင်းကောင်းပြန်လာနော်။ လမ်းမှာ ဂျီမကျနဲ့။ ကြားလား။"
"ဟုတ် မေ့" .. ဟု ပြောကာ အမတွေနောက်မှ ကုတ်ကုတ်ကုတ်ကုတ်နှင့် ထွက်လာရသည်။

လက်မှ အရုပ်နာရီလေးကို ကြည့်လိုက်တော့ နောက်တောင်ကျနေဘီ။ ဒီအချိန်ဆို ကိုကိုတောင် ရောက်နေပြီလား မသိဘူး ဟု စဉ်းစာကာ ခြေလှမ်းတွေကို သွက်သွက်လှမ်းမိသည်။
ကိုကို ဆိုတာက ဟိုဘက်တစ်လမ်းကျော်မှ အကိုကြီးဖြစ်သည်။ ကိုကိုလဲ ဒီအချိန်ဆို စာအုပ်ဆိုင်လာနေကြဖြစ်သည်။
အမတွေကလဲနော် .. ဟင်း .. ဆင်မယဉ်သာ လျှောက်နေကြသည်။
ကိုကိုပြန်သွားပြီလား မသိဘူးဟုစဉ်းစားကာ စိတ်တောင်ပျက်သွားသည်။
ပုံမှန်အတိုင်းတော့ ကိုကိုလဲ စာအုပ်ဆိုင်မှာ အတော်ကြာ မွှေနှောက်ရှာနေပြီး စာအုပ်ဆိုင်မှ အဘနှင့် စကားတွေဘာတွေပြောသေးသည်။

စိတ်ညစ်ရတဲ့အထဲ လမ်းမှာ နောင်နောင်သည် နှင့်တိုးသည်။ နောင်နောင်သည်ဆိုသည်က သရက်သီးချဉ်ပြုံးလေးတွေကို စိတ်ပြီး သကြား၊ ငံပြာရည်၊ ငရုတ်သီးမှုန့်တို့နှင့် ရောနယ်ထားကာ ဇလုံကြီးထဲထည့်၍ လှည်းကလေးနှင့် မောင်းလေးတီးပြီး လိုက်ရောင်းသည့် အသည်ဖြစ်သည်။
ခါတိုင်းဆိုရင်တောင် အမတွေကို ပူဆာမိဦးမည်ဖြစ်ပြီး ဒီနေ့တော့ အမတွေကလဲ မကြည်လင်တာမို့ မျက်နှာကို ဟိုဘက်လှည့်ကာ တံတွေးကို မြိုချပြီး ဖြတ်လျှောက်ခဲ့ရသည်။

စာအုပ်ဆိုင်နားနီးတော့ သူမခြေလှမ်းတွေ ပိုသွက်လာသည်။ စာအုပ်ဆိုင်ထဲလှမ်းကြည့်လိုက်တော့ ကိုကို့ကို လှမ်းတွေ့လိုက်ရသည်။
ပြေးဝင်မလိုလုပ်လိုက်ပြီးမှ ရုပ်တရက် အရှိန်လျော့ကာ ကြေမွတွန့်နေသော ဂါဝန်ကို မသိမသာလေး ဆွဲဆန့်လိုက်သည်။
ဂါဝန်ကလဲ အတော်ကြေနေတာပဲနော်။ ကမန်းကတန်းဆွဲထုတ်ဝတ်လာသဖြင့် သတိမထားမိလိုက်။

စာအုပ်ဆိုင်ထဲရောက်တော့ ဟိုစာအုပ်ရှာသလို ဒီစာအုပ်ရှာသလိုလုပ်ကာ ကိုကို့ကို ချောင်းကြည့်လိုက်သည်။ ကိုကိုလည်း စာအုပ်ရှာနေတာကို တွေ့ရသည်။
ခပ်တည်တည်နှင့် ကိုကို့နားတိုးကာ မမတို့တွေ အကြိုက် မောင်စိန်ဝင်း စာအုပ်ကို ခပ်တည်တည်နှင့်ဆွဲချပြီး ဟိုလှန်ဒီလှန် ကြည့်လိုက်သည်။
ကိုကိုက တစ်ချက်လှမ်းကြည့်တော့ လက်တွေဘာတွေတောင် တုန်ကုန်သည်။
"အငယ် ပြီးပြီးလား။ မိုးမရွာခင်ပြန်ရအောင်" ဟု မမကြီး လှမ်းအော်မှ မောင်စိန်ဝင်း စာအုပ်ကို အသာလေးပြန်ချပြီး ဘေးနားက သော်က ကာတွန်းစာအုပ်ကို ကောက်ယူလိုက်သည်။

သူမတို့ထွက်လာသေးသည်အထိ ကိုကို ဆိုင်ထဲမှာ ကျန်ခဲ့သည်။ ဆိုင်က အဘကို သူမ မသိသော စာအုပ်တွေ မေးနေသံကြားသည်။
ကိုကိုက စာတော်တော် ဖတ်ပြီး အများကြီး သိတာပဲနော် ဟု အထင်တကြီးတွေးမိသည်။
ဆိုင်က ပြန်အထွက် သူမ ဂါဝန်နောက်ဖက်လေးကို မသိမသာလေးဆွဲချလိုက်မိသည်။
ဂါဝန်တွေက တိုကုန်ပြီ။ မေမေ့ကို အသစ်ချုပ်ခိုင်းရပေဦးမယ်။

အိမ်ပြန်ရောက်တဲ့ အထိ အမတွေက သိပ်မကြည်လင်ကြသေး။
သူမလဲ ကာတွန်းစာအုပ်လေး ကိုင်ပြီး အလိုက်တသိ သူတို့တွေလို ဖတ်နေခိုက် မိုးက သည်းသည်းမဲမဲရွာချလာသည်။
ငေါက်ကနဲထကာ "မေ့ .. မီး မိုးရေချိုးချင်တယ်" ဟု လှေကားပြေးသွားပြီး အောက်ထပ်က မေမေ့ကို လှမ်းအော်ပြောလိုက်သည်။
သူမက မိုးရေချိုးရတာ သိပ်ကြိုက်သည်။
မေမေက တားမရမှန်းသိသဖြင့် "ဂါဝန်လေးနဲ့ပဲ နောက်ဖေးဘက်ကို ဆင်းနော် .. အအေးမိမယ်.. မြန်မြန်လုပ်" ဟု လှမ်းပြောသည်။

"ဟုတ်" ဟုပြန်ပြောကာ မမကြီးဖက်လှည့်ပြီး "မမ .. မီး ရေချိုးပြီး ဘာဝတ်ရမလဲ" ဟု စပ်ဖြဲဖြဲနှင့် မေးလိုက်သည်။
မမကြီးက သူမ ခုနက ထိုးသော မျက်စောင်းမျိုးပြန်ထိုးကာ "သွား .. မြန်မြန်ချိုးချည်" ဟု ပြန်ပြောသည်။

လျှာကလေးထုတ်ပြကာ နောက်ဖေး တံစက်မြိတ်ဘက်ပြေးထွက်လာခဲ့သည်။
မိုးရေပေါက်တွေက သူမကိုယ်ပေါ် ခုန်ပေါက်မြူးထူးစွာ စီးဆင်းလာကြသည်။
"ပုစွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ....." ဟူသော မမေဆွိသီချင်းကို အော်ဟစ် သီဆိုလိုက်သည်။
အခုအချိန်မှာတော့ သူမ ကိုကို့ကို မေ့သွားခဲ့ပြီဖြစ်သည်။

၇.၃.၂၀၁၁။
၉း၁၃ ည။

8 comments:

mirror said...

ချစ်စရာကောင်းသော အက်ဆေး။
တနည်း...ဖတ်ရတာ မ၀သော အက်ဆေး။

Anonymous said...

I love your writing. So sweet.
Guess who am I! ;P

လင်းဒီပ said...

အဲဒီအရွယ် မိန်းမငယ်ပုရစ်ဖူးလေးတွေတောင် မျက်လုံးထဲ ပြန်မြင်သွားပြီ ။

လွန်ခဲသောဆယ်နှစ်...နှစ်နှစ်ဆယ်ကတော့ လမ်းထွက်စရာရှာရင် ကတ်ဆက်ခွေ/စာအုပ်/ဗွီဒီယိုအခွေ အငှားဆိုင်တွေကို ညနေစောင်းသွားကြလို့ ။ ကိုကိုတွေကလည်း လက်ဖက်ရည်ဆိုင်တွေ လမ်းထိပ်အုတ်ခုံ သို့မဟုတ် ကွမ်းယာဆိုင်ကလေးတွေမှာ ။ စက်ဘီးကလေးတွေ စီးတဲ့အရပ်တွေကလည်း စီးကြလို့ ။ အခုနောက်ပိုင်းကလေးတွေတော့ ဘယ်လို ပုရစ်ဖူးယဉ်ကျေးမှုတွေ ပြောင်းလဲကုန်ပြီလဲတော့ မသိဘူး ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ ငယ်ဘ၀ကိုတောင် သတိရသွားပြီ
ဒီလို ပုရစ်ဖူးလေးအရွယ်ကို ကောင်းကောင်းဖြတ်သန်းခဲ့ဖူးတာပေါ့။
အမှတ်ရစရာ သူငယ်ချင်းတွေနဲ့ ပျော်စရာတွေ အများကြီးပဲ..း)
လွမ်းလိုက်တာ

mirror said...

@ကဗျာဆရာ ဘိုးဘိုးဦးလင်းဒီပ.. ဒီဘက်ခေတ်ကလေးတွေ ပုရစ်ဖူး ဘယ်လိုဖူးလဲဆိုတာ သိချင်ရင် အတောင်ပံတွေရုတ်သိမ်းပြီး ကြွေးအသစ်ချလိုက်ပါ။ သိလာပါလိမ့်မယ်။

အမ.. ဒီပွဲမှ ငါတို့လဲ အချီကြီးကြိတ်ရမှာနော်..။ :D

အနော် said...

ဒီအရွယ် တင့်တင့်တို့အရွယ် :D
အနော်တို့ရဲ့ ငယ်ငယ်က သွားငှားတဲ့စာအုပ်ဆိုင်လေးက သေးသေးလေးလေ.. အဲ့ဆိုင်က အဘိုးကြီးပဲ စာရင်းမှတ်နေကျ.. ကိုယ်တွေက စာအုပ်ဆို ကာတွန်းစာအုပ်သေးသေးလေးတွေနဲ့ ပိုးဇာကာတွန်းတွေ ရွေးရွေးဖတ်နေကျ.. မိုးရေထဲလဲ ခန ခန ဆင်းဆော့ဖူးတယ်.. ရွှံ့မြောင်းထဲလဲ လူးဖူးတာပဲ.. တခုပဲ ပုရစ်ဖူးလေးတွေလိုမျိုးတော့ လူကြီးကြီးကို မရှိတ်ခဲ့ဖူးဘူး :D

ရွှေပြည်သူ said...

ပုရစ်ဖူးလေးနဲ့ရောပြီး ကိုယ်ပါရင်တွေခုန်လိုက်... ဂါဝန်လေးဆွဲချလိုက်... မေ့မေ့ပျောက်ပျောက် ဖြစ်လိုက်...

(အတင်းကို ငယ်ပစ်လိုက်သည်။)

နေမိုးဝေ said...

မ mirror ပြောသလို ချစ်စရာအက်ဆေးလေး . .
ဖတ်ရတာ နောက်နေတဲ့ စိတ်တွေ နည်းနည်းကြည်သွားးရလို ကျေးဇူးပါ။